အကျင့်ပျက် လာဘ်စားမှုများ မုန်တိုင်းသင့်ဒေသတွင် ပျံ့နှံ့

အကျင့်ပျက် လာဘ်စားမှုများ မုန်တိုင်းသင့်ဒေသတွင် ပျံ့နှံ့ 
အောင်သက်ဝိုင်း | စက်တင်ဘာ ၆ ၊၂၀၀၈

နာဂစ်မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရသော လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာ အာဏာပိုင်များ ၏ အကျင့်ပျက်လာဘ်စားမှုများကြောင့် မုန်တိုင်းသင့်သူပြည်သူများ အခက်အခဲများကြုံတွေ့နေရဆဲ ဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှုများလည်း ရှိနေကြောင်း ဒေသခံများကပြောသည်။

ကျေးရွာကော်မတီဝင်လူကြီးများက လပွတ္တာမြို့ပေါ်ရှိ အစိုးရမဟုတ်သော နိုင်ငံတကာ (INGO) အဖွဲ့များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများထံတွင် ကျေးရွာအတွက်လိုအပ်သော ဆန်၊ဆီ၊ဆားမှ အစ လူသုံးကုန်ပစ္စည်းများ ကျေးရွာ လူဦးရေစာရင်းပြကာ သွားရောက်ထုတ်ယူကြသော်လည်း အဆိုပါထုတ်ယူရရှိသည့် အကူအညီများကို ကျေးရွာ ပြည်သူများကို မပေးဘဲ အလွဲသုံးစားပြု၍ လပွတ္တာမြို့ပေါ်တွင်ပင် ရောင်းချမှုများပြုလုပ်ကြကြောင်း လပွတ္တာ ဒေသခံ တဦးက ပြောသည်။

“မြို့ပေါ်ကမ်းနားလမ်းတလျှောက်မှာ ဒီမှောင်ခိုပစ္စည်းရောင်းတဲ့ဈေးကွက်ရှိတယ်။ အထူးသဖြင့် တာပေါ်လင်စ၊ အ၀တ် အထည်၊ခြင်ထောင်၊စောင်နဲ့ တခြားလူသုံးကုန်ပစ္စည်းတွေ ရောင်းဝယ်ကြတာ။ ပေါ်ပေါ်တင်တင်ကြီး ကုန်ပစ္စည်းပြရောင်းတာမဟုတ်ဘူး။ ရောင်းသူနဲ့ ၀ယ်သူက အရင်ဆုံးစကားပြော ဈေးညှိကြတယ်။ အလုပ်ဖြစ် တော့မှ ပစ္စည်းပေး၊ ငွေချေ လုပ်တာကို သိုသိုသိပ်သိပ်လုပ်ကြတာ”ဟု လပွတ္တာမြို့ပေါ် ၇ ရပ်ကွက်နေ ကုန်သည် တဦးက ပြောသည်။

တချို့ကျေးရွာလူကြီးများမှာ သက်ဆိုင်ရာကျေးရွာအတွက် ရရှိသောအကူအညီများကို ရွာသားများထံဖြန့်ဝေခြင်း မပြုဘဲသိမ်းဆည်းထားကြပြီး အခြေအနေ အတော်အသင့် တည်ငြိမ်လာသောအခါမှ မြို့ပေါ်တက်ရောင်း ၀ယ် ဖောက်ကားမှုပြုကြကြောင်း သိရှိရသည်။

“သြဂုတ်လ အရောင်းအ၀ယ်က ဇူလိုင်နဲ့ ဇွန်လလောက် သိပ်မကောင်းတော့ဘူး။ တဖြည်းဖြည်းပစ္စည်း ရောင်းတဲ့ လူက နည်းလာတယ်လို့ ပြောတယ်။ မုန်တိုင်းပြီးစ တလလောက်အကြာ ဇွန်လလောက်တုန်းကဆိုရင် အဲဒီမှောင် ခိုဈေးကွက်မှာ ရွာလူကြီးတွေလက်ဖျားငွေသီးတဲ့အချိန်ပေါ့။ အခု အရောင်းအ၀ယ် လုံးဝမရှိတော့တာ မဟုတ်ဘူး။ သူ့နည်းသူ့ဟန်နဲ့ အရောင်းအ၀ယ်လုပ်နေကြတဲ့သူတွေရှိသေးတယ်လို့ သိရတယ်”ဟု လပွတ္တာမြို့နယ်အခြေစိုက် INGO ကျန်းမာရေး အဖွဲ့အစည်းတခုတွင် ၃ လခွဲကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ရန်ကုန်မြို့မှလူငယ်တဦးက ပြောသည်။

ထိုကဲ့သို့ မှောင်ခိုဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်ကြရာတွင် တာပေါ်လင်စ အလိပ်ကြီး(အလိပ်ကြီးဟုသာ ခေါ်ဆိုပြီး ကိုက် မည်မျှပါသည်ကို မသိရှိရပါ) ၁၅၀၀၀ ကျပ် နီးပါး၊ စောင် တထည်လျှင် အမျိုးအစားလိုက်ပြီး အနည်းဆုံး ကျပ် ၂၉၀၀ မှ စတင်ပြီး ၅၀၀၀ ထိဈေးနှုန်းများဖြင့်ရောင်းဝယ်ဖောက်ကားကြကြောင်း၊ ခြင်ထောင် တွင် လည်း အရွယ်အစားလိုက်ပြီး အနည်းဆုံး ကျပ် ၃၁၀၀ မှ အများဆုံး ၅၀၀၀ ထိရှိကြောင်း မှောင်ခိုဈေးကွက် ကို လေ့လာခဲ့သည့် ထိုလူငယ်ကပြောပြသည်။

ထိုသို့လူသားချင်းစာနာမှု အကူအညီများကို ကျေးရွာလူကြီးများက မှောင်ခိုဈေးကွက်များတွင် ရောင်းချသည့် အပြင် ကျေးရွာပြည်သူများ အသက်မွေးဝမ်းကြောင်းမှုများ ပြန်လည်လုပ်ကိုင်ရန်ထောက်ပံ့သည့် ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းသုံးပစ္စည်းများကို မတရားအခကြေးငွေကောက်ခံပြီးမှ ပေးအပ်မှုများရှိနေကြောင်း သိရှိရသည်။

“မိုးစပါးစိုက်လို့ရတဲ့ ရာသီကကုန်သွားပေမယ့် လယ်ယာသုံးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အလွဲသုံးစားမှုတွေက ရှိတုန်းပဲ၊စိုက်ပျိုးရာသီပြီးတဲ့အချိန်မှာ ကျေးရွာအတွက်ရထားတဲ့ထွန်စက်တွေကို ရွာလူကြီးတွေက သိမ်းဆည်းပြီး စိတ်ကြိုက်ရောင်းချင်ရောင်း၊ ဌားချင်ရင်ဌား လုပ်နေကြတယ်”ဟု ကညင်းကုန်းကျေးရွာသားတဦးက ပြောသည်။

ရေလုပ်သားအများအတွက် ပေးအပ်သည့်ငါးဖမ်းစက်လှေများနှင့်ပိုက်များကိုလည်း ကျေးရွာလူကြီးက ၄င်းတို့၏ ဆွေမျိုးအသိုင်းအ၀န်းများကိုသာဦးစားပေးပြီး ရွာသားများကိုမူ လှေတစီးအတွက် ကျပ်၂၀၀၀၀ နီးပါး ပေးမှသာ လှေ ပေးသည်ဟု သိရကြောင်း လပွတ္တာမြို့နယ်အပိုင် ကုက္ကိုကျေးရွာထံ သွားရောက်လည်ပတ်ခဲ့သည့် ရန်ကုန် သား တဦးက ပြောသည်။

“ရွာလူကြီးက လှေတို့ပိုက်တို့ကို သူ့ရဲ့ ဆွေမျိုးအသိုင်းအ၀န်းတွေကို ဦးစားပေးတယ်။ ရွာသားတွေဆီကတော့ လှေတစီး နှစ်သောင်းတောင်းတယ်လို့ ရွာသားတွေကပြောတယ်”ဟု ကုက္ကိုရွာသားများ၏ပြောကြားမှုကို ကိုးကားပြီး ၄င်းက ရှင်းပြသည်။

ထိုသို့ ကျေးရွာလူကြီးများက ရရှိသောအကူအညီများအပေါ် အလွဲသုံးစားပြုလုပ်သည့်အပြင် ကျေးရွာပြည်သူ များကို ဒေသခံစစ်တပ်နှင့်ပူးပေါင်းကာ အတင်းအကျပ်လုပ်အားပေး ခိုင်းစေမှုများရှိနေကြောင်း ကညင်ကုန်း ကျေးရွာသားတဦးကပြောသည်။

“ကညင်းကုန်းက အလယ်တန်းကျောင်းပြိုသွားလို့ မြို့ကအလှုရှင် မင်းကျောင်းဆရာတော်ကြီးက ကျောင်း ဆောက်ဖို့ လိုအပ်တဲ့ကုန်ကျစရိတ်တွေပေးတယ်။ ကျောင်းဆောက်မယ့် အလုပ်သမားစရိတ်ပါ အပါပေါ့။ ဒါပေမယ့် ကျေးရွာကော်မတီ အတွင်းရေးမှူး ဦးစိန်မြင့်က ရွာသားတွေကို ကျောင်းဆောက်တဲ့လုပ်ငန်းတွေမှာ နေ့စဉ်ခေါ်ပြီး လုပ်အားပေးခိုင်းတယ်။ လုပ်အားမပေးရင် ရိုက်မောင်းပုတ်မောင်းလုပ်တယ်”ဟု အဆိုပါကျေးရွာ သားက ၄င်းတို့ ရင်ဆိုင်နေရသောအခြေအနေများကို ရှင်းပြသည်။

ကညင်းကုန်းကျေးရွာဥက္ကဌ ဦးစန်းဝေ၊အတွင်းရေးမှူး ဦးစိန်မြင့်အပါအ၀င် ကျေးရွာအာဏာပိုင်အဖွဲ့မှာ လုပ်အား ပေးခိုင်းစေခြင်းနှင့် အကူအညီများ အလွဲသုံးစားပြုလုပ်သည့်အတွက် ရွာသားများက မကျေနပ်ကြသော်လည်း ဒေသခံစစ်တပ်နှင့် ကျေးရွာလူကြီးအဖွဲ့မှာ အလွန်ရင်းနှီးသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြ တိုင်ကြားမှုမပြုလုပ်ရဲကြကြောင်း ကညင်ကုန်းရွာသားက ပြောသည်။

“သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်နေ့က ဦးစိန်မြင့် အစည်းအဝေးခေါ်ပြီး ရွာသားတွေကို ပြောတယ်။ တိုင်ချင်တဲ့ နေရာ တိုင်တဲ့။ သူတို့က ၂၀၁၀ ထိ ဆက်ပြီးလူကြီးလုပ်မှာလို့ပြောတယ်”ဟု ကညင်ကုန်းကျေးရွာတွင် တာဝန် ကျသည့် စစ်တပ်မှ စစ်သားများကို ခေါ်ယူစောင့်ကြပ်စေပြီး ရွာသားများကို ပြောဆိုကြိမ်းမောင်းခဲ့သောဖြစ်ရပ်များကို ကညင်ကုန်းရွာသားက ပြန်လည်ပြောပြသည်။

ကညင်ကုန်းကျေးရွာအာဏာပိုင်များက ၄င်းတို့ကျေးရွာတွင်တာဝန်ကျသည့်စစ်တပ်မှ စစ်သားများကို တဦးလျှင် တလ ကျပ်၂၀၀၀၀ နှုန်းထောက်ပံ့မှုများပြုလုပ်သည့်အတွက် ကျေးရွာအာဏာပိုင်များ၏ လက်ကိုင်တုတ်သဖွယ် အသုံးချ ခြင်းဖြစ်ကြောင်း သိရှိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင်လည်း အတင်းအကျပ်လုပ်အားပေးခိုင်းစေမှုများရှိနေ ကြောင်း လမ်းဖောက်လုပ်ခြင်းအပါအ၀င် ကျေးရွာပြန်လည်ဖွံ့ဖြိုးရေးဟုဆိုသည့် ကျေးရွာအာဏာပိုင်များနှင့် စစ်တပ် တို့က ပူးပေါင်း ဦးဆောင်သော လုပ်ငန်းများတွင် ကျေးရွာပြည်သူများလုပ်အားပေးနေရကြောင်း လပွတ္တာမြို့နယ်ဒေသခံများ၏ ပြောကြားချက်အရသိရှိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s