ရန်ကုန်အခြေစိုက် စစ်သံမှူးများကို အာဇာနည်နေ့အတွက် ဖိတ်ကြားပြီးမှ ဖိတ်စာပြန်သိမ်း

ရန်ကုန်အခြေစိုက် စစ်သံမှူးများကို အာဇာနည်နေ့အတွက်
ဖိတ်ကြားပြီးမှ ဖိတ်စာပြန်သိမ်း

NEJ/ ၁၈ ဇူလိုင် ၂၀၀၈

အာဇာနည်နေ့ အခမ်းအနားအတွက် ရန်ကုန်အခြေစိုက် သံရုံးများမှ စစ်သံမှူးများအား ဖိတ်ကြားထား
ချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း စစ်အစိုးရက သံရုံးအသီးသီးသို့ အကြောင်းကြားထားသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။

စစ်သံမှူးများကို ဖိတ်ကြားပြီးမှ မည်သည့်အတွက် ဖိတ်စာ ပြန်သိမ်းသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရန်ကုန်တွင် အာဇာနည်နေ့မတိုင်မီ ယခုလဆန်းပိုင်းမှစပြီး လုံခြုံရေးများချထားကာ အာဇာနည်နေ့ နီးလာလေလေ လုံခြုံရေး ထူထပ်လာလေဖြစ်သည်။

မြို့ခံတဦးက “လုံခြုံရေးတွေကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရှိတဲ့ လမ်းအ၀င်တွေမှာတောင် ချထား တာတွေ့ ရတယ်။ အခုဆိုရင် အာဇာနည်ကုန်း အနီးတ၀ိုက်၊ ရွှေတိဂုံစေတီတော် အနီးအနား၊ သွေး ဆေးကန် စတာတွေမှာ တွေ့တယ်ဗျ” ဟု ပြောသည်။

ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်ရှေ့တွင် လုံခြုံရေးရဲ သုံးစုခန့် ချထားသည်ကို တွေ့ရကြောင်း၊ ပုံမှန် အခြေအနေတွင် ယခုကဲ့သို့ ယူနီဖောင်းဝတ် လုံခြုံရေး ချထားလေ့မရှိဘဲ ယခု အာဇာနည်နေ့နီးမှ ချထားခြင်းဖြစ်ကြောင်းလည်း အခြားမြို့ခံတဦးက ပြောသည်။

၎င်းက “အာဇာနည်ကုန်းဝင်းမှာတော့ လက်နက်ကိုင် စစ်သားတချို့လုံခြုံရေးယူထားတာ တွေ့ရပြီး လုံထိန်းရဲတွေကို ကားလမ်းနံဘေးမှာ တာဝန်ချထားတာတွေ့ရတယ်” ဟု ပြောသည်။

ဇူလိုင် (၁၇) ရက်မှစပြီး ရန်ကုန်မြို့တွင်း ရဲကားများ ကင်းလှည့်လည်မှု ပိုမိုများပြားလာပြီး အထူး သဖြင့် အန်အယ်လ်ဒီ ရုံးပတ်လည်လမ်းများ၊ ရွှေတိဂုံဘုရား ပတ်ပတ်လည်လမ်းများတွင် ပိုမို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဇူလိုင် (၁၇) ရက် ညနေအထိ သတင်းထောက်များအား  အာဇာနည်နေ့နှင့် ပတ်သက်ပြီး သတင်း ယူရန်ကိစ္စကို အကြောင်းကြားခြင်းမရှိခဲ့ဟု သိရသည်။ ပြည်တွင်းသတင်းဂျာနယ်များကိုလည်း ယခင်နှစ်များနှင့်မတူဘဲ သီးသီးသန့်သန့်  ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ၀င်ခွင့် အားလုံးကို ရန်ကုန်မြို့တော်စည်ပင်က ကိုင်တွယ်စိစစ်မည်ဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက ပြောသည်။

“စည်ပင်က ဖုန်းနဲ့ ပြောတယ်။ အာဇာနည်ကုန်းအနီးက စည်ပင်ကွပ်ကဲရေးရုံးမှာ ၀င်ခွင့်ကတ်တွေ ကို လာထုတ်ပါတဲ့။ အာဇာနည်နေ့ကို မမေ့နိုင်လို့သာပါဗျာ၊သွားရမယ့်အရေးကို သူတို့က ကြပ်တာက အတော့်ကို စိတ်ညစ်စရာကြီးဗျ။ ကြည့်ရတာ ဗုံးပေါက်မှာကို ကြောက်နေပုံပဲ” ဟု ၎င်းက ပြောသည်။

အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနက ယမန်နှစ်များက တာဝန်ယူ
လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့တော်စည်ပင်က ယခုနှစ်တွင် အာဇာနည်ကုန်း ၀င်ခွင့်စိစစ်မှုကို စတင် ကိုင်တွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

======================================================================

http://www.khitpyaing.org/news/july_08/18-7-08e.php မှ ကူးယူဖော်ပြသည်။

======================================================================

Leave a comment