ဆောင်းပါး

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ

လူထုစိန်ဝင်း

(ဆရာလူထုဦးစိန်းဝင်း၏ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများကို စုစည်းပုံနှိုပ်ထုတ်ဝေထားသည့် “ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” စာအုပ်မှ ဆောင်းပါးများကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။)

“မြန်မာလူမျိုးများရဲ့ နိုင်ငံရေးအသိအမြင် ဗဟုသုတနိမ့်ကျနေသေးတော့ ဒီမိုကရေစီစနစ် အောင်မြင်ပါ့မလား။”

အသက် ၂၀၊ ၂၅ နှစ်ဝန်းကျင် လူငယ်လေးတွေရောက်လာ၊ စားပြောကြတိုင်း ဒီမေးခွန်းတစ်ခုကို မေးမြဲဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ အနောက်နိုင်ငံကြီးတွေလို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီအောင်မြင်နိုင်တယ်လို့ ထင်မှတ်နေကြဟန် ရှိပါတယ်။ တချို့ ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာလို့ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်စီလူတန်းစား အီလစ် (Elite) တွေပြောတဲ့ စကားသံတွေကြားပြီး “နားဝေတိမ်တောင်” ဖြစ်နေကြပုံရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစားဆိုတာက အများအားဖြင့် ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီလူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူနဲ့ တည့်အောင်ပေါင်း၊ အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့သူ တန်ခိုးအရောင်မှိန် သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ရှိတယ်။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုးတွေဖြစ်ကြတယ်။ ခေတ်တိုင်းခေတ်တိုင်း အပေါ်ယံအလွှာမှာချည် ဝေ့ကာဝဲကာ နေကြလေတော့ လူတွေကိုအမြဲတမ်း ငုံကြည့်လေ့ရှိ တယ်။ တန်ခိုးေ၇ာင် ပြိုးပြိုးပြက်ပြက် လက်တဲ့လူမဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေအကြောင်းလည်း ဘာမှ မသိဘူး။ လူတွေအကြောင်း မသိတော့ တိုင်းပြည်နိုင်ငံရေးအကြောင်းလည်း ဘာမှ မသိဘူး။ စင်ကာပူနိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက်မြို့တော်ကြီး စည်ကားပုံတွေအကြောင်း အများကြီး ပြောနိုင်ပေမယ့် လယ်ဆိုတာ ဘာလဲ။ ယာဆိုတာ ဘာလဲ။ ကိုင်းဆိုတာ ဘာလဲလို့မေးရင်တောင် မှန်အောင်ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို “လူပုတ်သင်ညို” တွေက တိုင်းရေးပြည်ရေး၊ နိုင်ငံရေးဆိုတာသူတို့လို ရေပေါ်ဆီတွေနဲ့ပဲဆိုင်တယ်၊ လက်လုပ်လက်စား လူသာမန်တွေနဲ့ လားလားမှတိုက်တန်တာမဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတက် ရေပေါ်စီတွေသာ သဘောပေါက် နားလည်နိုင် တာမျိုးဖြစ်တယ်။ ဆင်းရဲလို့ ပညာကောင်းကောင်းမသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေးအသိပညာရေချိန်ဟာ အင်မတန်နိမ့်ကျတယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီတည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ရှိကြတယ်။ ဒီစကားတွေ ကြားဖန်များတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာဖြစ်တယ်။ အဲ့ဒါကြောင့် မြန်မာလူမျိုးဟာ တခြားနိုင်ငံသားတွေလောက် နိုင်ငံရေးအသိ မမြင့်မားဘူးဆိုတာတောင်မှ နိုင်ငံရေးဆိုတာ နှခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ “လူပုတ်သင်ညို” တွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရပါတယ်။

လိမ်မှန်းညာမှန်းသိတဲ့လူမျိုး

မြန်မာလူမျိုးဟာ တခြားနေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေးအသိမှာတော့ ထိပ်တန်းကရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့အစိုးရက ၉၁ ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံအဆင့်ပေးမယ်တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝလွတ်လပ်ရေးမှ တစ်ပါး ဘာမှမလိုချင်ဘူးလို့ အပြတ်ပြောခဲ့တာပါ။ ပါးစပ်ပြောသာမဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးနဲ့တင် ကျေနပ်ရောင့်ရဲမနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေး ဆင်နွှဲ အောင်ပွဲခံခဲ့တာဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ်ပါဘူး။

ရန်/ငါ ပြတ်လို့

လွတ်လပ်ရေးအအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျခိုင်မာပြီး ရန်/ငါ ပြတ်သားခဲ့ကြလို့သာ လုံးဝလွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံနိုင်ငံတွေထဲမှာ ၀င့်ဝင့်ကြွားကြွားဖြစ်နေတဲ့ မလေးရှားနိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာခဲ့တာပါ။ အဲ့ဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေး အသိ နိမ့်ကျတယ်ဆိုတဲ့စကားကို လုံးဝလက်မခံပါဘူး။ မြန်မာပြည်က ရေပေါ်ဆီ “လူပုတ်သင်ညို” တွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ အနောက်နိုင်ငံကြီးတွေက မြန်မာ့အရေးကျွမ်းကျင်သူလို့ ကိုယ့်ဘာသာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေပြောတာလည်း လက်မခံပါဘူး။ မြန်မာပြည်မှာနေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်းစစ်ဒဏ်တွေကို ကျောကော့အောင်ခံခဲ့ရတဲ့ မြန်မာလူမျိုးတွေ လောက် နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်းမျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲ့ဒီ ကိုယ့်ဘာသာကိုယ်ခန့်တဲ့ “ဂုရု” တွေရေးတဲ့စာအုပ်တွေ အများကြီးဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ်ရဲတိုက်ကြီးတွေထဲက စာအုပ်တွေထဲ လှန်လှောရှာဖွေပြီး သူများတကာရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသားထားတာမျိုးတွေသာများပါတယ်။ နိုင်ငံရေးဆိုတာ သိပ္ပံပညာရပ်တစ်ခုဖြစ်ပေမယ့် ဂဲသြမေတြီတွက်သလို၊ သင်္ချာတွက်သလို တွက်လို့ဖြစ်တာမဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်လို့ လူတွေရဲ့ဘ၀၊ လူတွေရဲ့ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ လူတွေကြားမ၀င်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်” တွေနဲ့ နိုင်ငံခြားသား “ဂုရု” တွေက မြန်မာလူမျိုးတွေရဲ့ ဘ၀၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော်မျက်နှာပြောင်တိုက်တဲ့လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း (၂၀၀၉ ခုနှစ်၊ ဇူလိုင် ၂၆)

(မှတ်ချက်။   ။ အံ့ဘုန်းမြတ် ဘလော့ခ်မှ ကူးယူဖော်ပြသည်။)

===================================================

ကျမ်းရင်းတွေ မဖတ်ဘူးဘဲ ဂုရုကြီး မလုပ်ပါနဲ့

လူထုစိန်ဝင်း

(ဆရာလူထုဦးစိန်းဝင်း၏ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများကို စုစည်းပုံနှိုပ်ထုတ်ဝေထားသည့် “ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” စာအုပ်မှ ဆောင်းပါးများကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ )

ဂျာနယ်ပေါင်းစုံက လူငယ်တွေ ရောက်လာတိုင်း အခုတလော ပြောဖြစ်နေကြတဲ့အကြောင်းက လတ်တလော ကမ္ဘာ့စီးပွားရေးသတင်းများပဲ ဖြစ်ပါတယ်။ ခုခေတ်လူငယ်တွေ ကမ္ဘာ့စီးပွားရေးအကြောင်း၊ G-8 အစည်းအဝေးအကြောင်း၊ အာဆီယံဆွေးနွေးပွဲအကြောင်း စိတ်ဝင်တစား ပြောဆိုဆွေးနွေးလာကြတာ ၀မ်းသာစရာဖြစ်ပါတယ်။ သူတို့တစ်တွေဟာ မော်ဒယ်လ်အကြောင်းတွေ၊ ရုပ်ရှင်မင်းသမီးအကြောင်း အတင်းအဖျင်းတွေကို စကားထဲထည့်ပြောမနေကြတော့ဘူး။ သူတို့တစ်တွေကို ချီးလည်း ချီးကျူးမိပါတယ်။

ဈေးကွက်မှ ဈေးကွက်ဆိုတဲ့ခေတ်

လူငယ်တွေက သူတို့ချင်း ပြောဆိုဆွေးနွေးကြရာကနေ အဖြေရှာမရတဲ့အခါများမှာ “၀င်ပြောပါဦး” လို့ ဖိတ်ခေါ် လေ့ရှိပါတယ်။ ကမ္ဘာတစ်ခုလုံးမှာ အကောင်းဆုံးဆိုပြီး ကွန်မြူနစ်နိုင်ငံတွေတောင် လိုက်ပါကျင့်သုံးနေကြတဲ့ “ဈေးကွက်စီးပွားရေး” ဆိုတာ အမှန်တကယ် အကောင်းဆုံးဖြစ်ရဲ့လားလို့ သူတို့တစ်တွေ ဆွေးနွေးနေကြတာပါ။ ၂၀၀၈ ခုနှစ်၊ အမေရိကန် ဘဏ်လုပ်ငန်းတွေ ပြိုလဲကျသွားတဲ့ကိစ္စ မဖြစ်ခင်အထိတော့ အစိုးရထိန်းချုပ်စွက်ဖက်မှု လုံးဝမရှိတဲ့ ဈေးကွက်က သူ့အလိုလို လွတ်လွတ်လပ်လပ်ဆောင်ရွက်သွားတဲ့စနစ်ဟာ အကောင်းဆုံးဖြစ်တယ်လို့ အားလုံးက လက်ခံယုံကြည်ခဲ့ကြတယ်။ ဗဟိုကလုံးဝ ချုပ်ကိုင်တဲ့ “စီမံကိန်းစီးပွားရေးစနစ်” ဟာ အလုပ်မဖြစ်တော့ဘူးလို့ ရုရှားတို့၊ တရုတ်တို့လို “ဒေါင်ဒေါင်မြည်” ကွန်မြူနစ်နိုင်ငံကြီးတွေက တောင် ယူဆလာကြပြီး ဈေးကွက်မှ ဈေးကွက်ဖြစ်ကုန်ကြတယ်။ တချို့ အနောက်က စီးပွားရေးပညာရှင်များကတော့ အမေရိကန်အစိုးရက ငွေကြေးအလုံးအရင်းထုတ်ပြီး ဘဏ်လုပ်ငန်းကြီးတွေကို ကယ်တင်ရတဲ့ လုပ်ရပ်ဟာ အစိုးရထိန်းချုပ်မှုလုံးဝမပါလို့ မဖြစ်ဘူးဆိုတာကို ပြသတဲ့ အချက်ဖြစ်တယ်လို့ ထောက်ပြကြတယ်။

လူတွင်ကျယ်လုပ်ရုံသာ

တချို့ကတော့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ ဘဏ်လုပ်ငန်းကြီးတွေကို ပြည်သူပိုင်သိမ်းလိုက်တဲ့သဘော ဖြစ်နေတာကြောင့် ကွန်မြူနစ်တို့ရဲ့ ဗဟိုချုပ်ကိုင်မှုအောက်က စီမံကိန်းစီးပွားရေးစနစ်ရဲ့ အတူတူဖြစ်သွားပြီလို့တောင် ပြောကြတယ်။ တချို့ကတော့ စကင်ဒီနေးဗီးယန်းနိုင်ငံများလို အစိုးရက ကမကထပြုတဲ့ လူမှုဖူလုံရေးစီမံချက်များ ထားရှိတဲ့ဈေးကွက်ပုံစံကို အတုယူသင့်တယ်လို့ ဆိုကြတယ်။ ဂျာမနီနိုင်ငံမှာတော့ ၀န်ကြီးတစ်ဦးက ကားလ်မတ်ရဲ့ “အရင်းကျမ်း” စာအုပ်ကြီးကို ပြန်လေ့လာသင့်ကြတယ်လို့ ပြောလိုက်တဲ့ အတွက် အဲ့ဒီစာအုပ်ဟာ ဆိုင်တွေမှာ လက်ကျန်မရှိလောက်တဲ့အထိ အလုအယက်ဝယ်ယူခဲ့ကြတယ်။ အဲ့ဒီအကြောင်းတွေကို လူငယ်တွေကို ပြောပြပြီး တိုင်းမ်လို၊ နယူးစ်ဝိခ်လို၊ အီကောနောမစ်လို စာစောင်တွေထဲက ရေးသားချက်တွေလောက် ဖတ်ရုံနဲ့ မလုံလောက်တဲ့အကြောင်း သတိပေးလိုက်ပါတယ်။ အကြောင်းအရာတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဂဃနဏ သိချင်တယ်ဆိုရင် မူလကျမ်းရင်းတွေ ဖတ်ဖို့လိုပါတယ်။ အညွှန်းစာ အုပ်၊ မိတ်ဆက်စာအုပ်၊ အဖွင့်ကျမ်းစာအုပ်၊ အညွှန်းကျမ်းစာအုပ်တွေနဲ့ စာစောင်တွေထဲက သုံးသပ်ဝေဖန်ချက် ဆောင်းပါးတွေ ဖတ်ရုံနဲ့ မဖြစ်ပါဘူး။ အဲ့ဒါတွေဖတ်တာက သိသလိုလို၊ တတ်သလိုလိုနဲ့ လူတွင်ကျယ်လုပ်နိုင်ရုံလောက်ပဲ ရမှာပါ။ ကိုယ်ဖတ်တဲ့ မိတ်ဆက်စာအုပ်လို၊ အဖွင့်ကျမ်းလိုစာအုပ်တွေက ရေးသူရဲ့ အတ္တနောမတိတွေ လွန်ကဲပြီးဖြစ်စေ၊ တမင်တကာ မသမာတဲ့ရည်ရွယ်ချက်နဲ့ လုပ်လို့ဖြစ်စေ အမှားတွေ ဖြစ်နေရင် “ငါးပါးသာမက သံဃာစင်ပါမှောက်တဲ့ကိန်း” ဆိုက်ရောက်သွားနိုင်ပါတယ်။

အဖွင့်ကျမ်းလောက် ဖတ်ကြတာ

ဒါမျိုးတွေ ရှေးက ပညာတတ်လူငယ်တွေကြားမှာ အများကြီးဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ပညာတတ်လူငယ် အသိုင်းအ၀ိုင်း မှာ လက်ဝဲ၀ါဒစာပေတွေကို အလုအယက်ဖတ်ခဲ့ကြပါတယ်။ အဲ့ဒီခေတ်က အင်္ဂလိပ်လက်အောက်ခံဘ၀ဆိုတော့ အင်္ဂလန်နဲ့ အိန္ဒိယကထုတ်တဲ့ မတ်ဝါဒစာပေတွေပဲ မြန်မာပြည်ကို ရောက်ခဲ့ပါတယ်။ နိုင်ငံရေးသမားအများစုဟာ အင်္ဂလိပ်နဲ့ ကုလားတွေရေးတဲ့ မိတ်ဆက်ကျမ်း၊ အဖွင့်ကျမ်း၊ အကျဉ်းချုပ်စာအုပ်ဆိုတဲ့ စာအုပ်မျိုးတွေဖတ်ပြီး လက်ဝဲသမား အမည်ခံခဲ့ကြတာပါ။ မတ်တို့၊ အိန်ဂျယ်တို့ရေးခဲ့တဲ့ မူရင်းကျမ်းကြီး တွေဖတ်ခဲ့ကြရတာ မဟုတ်ပါဘူး။ အဲ့ဒီသူတွေက ကိုယ့်ဟာကိုယ် လက်ဝဲသမားအမည်ခံရုံဆို ကိစ္စမရှိပါဘူး။ သူတို့က လက်ဝဲခေါင်းဆောင်ကြီး တွေလုပ်ပြီး အင်္ဂလိပ်နဲ့ ကုလားတွေရေးခဲ့တဲ့ အဖွင့်ကျမ်းကို ထပ်ပြီးဖွင့်လိုက်၊ မိတ်ဆက်လိုက်လုပ်ခဲ့ကြလေတော့ တကယ့်ကို သံဃာစင် မှောက်တော့တာပေါ့။

အဲ့ဒီလို အပေါ်ယံလေ့လာမှုမျိုးက ဒီနေ့ထိလည်း အကြီးအကျယ် ထွန်းကားနေပါသေးတယ်။ ဒီနေ့က ပိုတောင်ဆိုးမယ်ထင်ပါတယ်။ ရှေးကလို အဖွင့်ကျမ်း၊ အညွှန်းကျမ်းတွေတောင် မဖတ်ကြတော့ဘူး။ အင်တာနက်က အပတ်စဉ်ထုတ် စာစောင်တွေထဲက သုံးသပ်ချက်ဆောင်းပါးတွေ လောက်ဖတ်ပြီး ဆရာကြီးလုပ်နေကြတာလေ။ လူငယ်လေးတွေအနေနဲ့ အဲ့ဒီလို “ကိုယ်တိုင်ခန့်ဆရာကြီး” တွေရဲ့ လူတွင်ကျယ် လုပ်ရပ်တွေကို အတုမယူကြစေချင်ပါဘူး။ စီးပွားရေးအကြောင်း လေ့လာချင်ရင် ဆိုရှယ်လစ်စီးပွားရေးဆို ကားလ်မက်တို့၊ အိန်ဂျယ်တို့ရဲ့ မူရင်းကျမ်းကြီးတွေ ကို ဖတ်ဖြစ်အောင် ဖတ်ရပါမယ်။

အရင်းရှင်စီးပွားရေးစနစ်ဆို ကိန်းနဲ့ သူ့ခေတ်ပြိုင် ပညာရှင်များရဲ့ မူရင်းကျမ်းတွေကို မဖတ်လို့ကို မဖြစ်ပါဘူး။ မူလပညာရှင်ကြီးများရဲ့ အယူအဆ သဘောတရားတွေကို ရေရေရာရာ နားမလည်ဘဲနဲ့ ဆိုရှယ်လစ်က ကောင်းတယ်၊ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်က ကောင်းတယ်လို့ ပြောနေရုံနဲ့ မလုံလောက်တော့ပါဘူး။ လူငယ်လေးတွေအနေနဲ့ စီးပွားရေးအကြောင်းရေးတဲ့ “စီးပွားရေးဂျာနယ်လစ်” ဖြစ်ချင်ရင် မူရင်းစီးပွားရေးကျမ်းကြီးတွေကို ဖတ်ရှု့လေ့လာပါ။ နိုင်ငံရေး သုံးသပ်ချက်တွေရေးတဲ့ “နိုင်ငံရေးသုံးသပ်သူ” လုပ်ချင်ရင်လည်း လက်ဝဲ၊ လက်ယာ နိုင်ငံရေးမူရင်းစာအုပ်ကြီးတွေကို ဖတ်ရှု့လေ့လာပါလို့ တိုက်တွန်းချင်ပါတယ်။ ကားလ်မတ်နဲ့ ကိန်းရဲ့ စာအုပ်တွေနဲ့ ကွန်မြူနစ်ကြေညာစာတမ်းဆိုတာလောက်တောင် မဖတ်ဖူးဘဲနဲ့တော့ “နိုင်ငံရေးဂုရုကြီး” မလုပ်ချင်ကြပါနဲ့လို့လည်း မေတ္တာရပ်ခံ လိုက်ရပါတယ်။

လူထုစိန်ဝင်း (၂၀၀၉၊ ဇူလိုင် ၂၃)

(မှတ်ချက်။   ။ အံ့ဘုန်းမြတ် ဘလော့ခ်မှ ကူးယူဖော်ပြသည်။)

===================================================

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်

လူထုစိန်ဝင်း

(ဆရာလူထုဦးစိန်းဝင်း၏ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများကို စုစည်းပုံနှိုပ်ထုတ်ဝေထားသည့် “ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” စာအုပ်မှ ဆောင်းပါးများကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။)

ဒီမိုကရေစီဆိုတဲ့စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့အချိန်ကစပြီး လူတိုင်းပါးစပ်ဖျားမှာ သီးနေကြရုံမက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ အဆက်မပြတ် ဖတ်နေရပါတယ်။ ဒါအင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ စကားလုံးတစ်လုံးဖြစ်စေ၊ စာတစ်အုပ်ဖြစ်စေ၊ စာရေးဆရာတစ်ယောက်အကြောင်း ဖြစ်စေ “အရှောင်” (Taboo) အဖြစ် သတ်မှတ်တာ အစွန်းရောက် တိုင်းပြည်တွေမှာသာ လုပ်လေ့လုပ်ထ ရှိတဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ အဓိပ္ပါယ်မရှိပါဘူး။

မစားရ ၀ခမန်း

ဒီမိုကရေစီအကြောင်း ၀မ်းသာအားရပြောကြ၊ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီဆိုတာ “မဟာသြသဓ” နတ်ဆေးကြီးသဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီနိုင်ငံဆိုတာ အရာအားလုံးပြီးပြည့်စုံတဲ့ “ရွှေပြည်တော်ကြီး” ဖြစ်တယ်၊ ဒီမိုကရေစီမှတစ်ပါး အခြားမရှိပြီဆိုတဲ့ ပြောဆိုရေးသားချက်တွေကိုလည်း အများကြီးတွေ့နေရပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ်တွေ့ မကြုံဖူးသူများအတွက် “မစားရ ၀ခမန်း” ပြောဆိုရေးသားချက်တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ဒူးတွေ့ တွေ့ရတဲ့အခါကျမှ ထင်တာနဲ့မြင်တာ “ပါစင်အောင်” လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက်သွား နိုင်ပါတယ်။ ဒါဆိုရင်လည်း မကောင်းပါဘူး။ “နောင်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲ” တဲ့အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွားပါ လိမ့်မယ်။ ဒါကြောင့် ပြောဆိုရေးသားချက်တွေ ဆင်ခြင်သင့်ကြပါတယ်။

မကောင်းမှုတွေ ဘယ်ကစ

ဒီမိုကရေစီဆိုတာ မဟာသြသဓနတ်ဆေးကြီးဖြစ်တယ်ဆိုရင် ဒီနေ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေးဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ဖြစ်မှုတွေ၊ နေစရာမရှိလို့ လမ်းဘေးအိပ်ရသူတွေ ဘယ်ရှိနေတော့မှာလဲ။ အခုတော့ လူလောကရဲ့ မကောင်းမှုမှန်သမျှ အဲ့ဒီ ဒီမိုကရေစီနိုင်ငံကြီးတွေ စခဲ့တာလို့တောင် ပြောရမယ်ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြဿနာကြီးပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ သွေးပျက်နေတဲ့ စစ်သားတွေကို တိုက်ရဲခိုက်ရဲစိတ်ဖြစ်လာ အောင် စိတ်ကြွဆေးပြားတွေ တီထွင်ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင်အာရှမှာ မူးယစ်ဆေးဈေးကွက်ကြီး ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။

ကောင်းဘွိုင်ယဉ်ကျေးမှုကစ

အီရိတ်က ဆက်ဒမ်ဟူစိန်ဆိုတာလည်း ပနားမားက နော်ရီအေးဂါး (Noriega) လိုပဲ အမေရိကန်စီအိုင်အေက မွေးထုတ်ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေလည်း စီအိုင်အေက မွေးထုတ်ပေးခဲ့တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျှ အမေရိကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုက စခဲ့တာချည်းပါပဲ။ ရမ်ဘိုလို၊ အာနိုးလို ရုပ်ရှင်ဇာတ်ကားတွေကိုပဲကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆို တိုင်း နတ်ဆေးကြီးမဟုတ်သလို ဒီမိုကရေစီနိုင်ငံဖြစ်တိုင်း သာယာရွှေပြည်ကြီး မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

လူသားများရဲ့ မျှော်လင့်ချက်

အခုဖြစ်နေတာကတော့ စတော့ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးပြိုလဲသွားလို့ ကုမ္ပဏီတွေ၊ စက်ရုံတွေ ပိတ်ကုန်ကြရပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့အချိန်မှာ အစိုးရဆီက ငွေကြေးထောက်ပံ့မှုရဖို့ လွှတ်တော်မှာ လာရောက်တင်ပြတောင်းဆိုကြတဲ့ ဘဏ်လုပ်ငန်းရှင်တွေကတော့ ကိုယ်ပိုင်ဂျက်လေယဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာကြတယ်လေ။ ဒါတင်မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ကြေးလည်း ရရော အဲ့ဒီဘဏ်ကြီးရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ်ဆိုပြီး တစ်ယောက်တစ်ယောက်ကို ဒေါ်လာသန်းပေါင်း ၁၅၀၊ ၂၀၀ စီ ထတ်ယူလိုက်ကြတယ်လေ။ ဘဏ်ကြီးပြုတ်သွားအောင် လုပ်တဲ့အတွက်အပိုချီးမြှင့်တယ်ဆိုတာမျိုး ကြားဖူးကြရဲ့လား။ အဲ့ဒါ ဒီမိုကရေစီနိုင်ငံဆိုတဲ့ အမေရိကန်နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။

ဒေါ်လာ ၆ သိန်းတန်း ခွေး

စက်တင်ဘာ (၁၄) ရက်ထုတ်၊ မြန်မာ့အလင်း (အင်္ဂလိပ်) သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို ပြောလိုက်ပါရစေဦး။ တရုတ်နိုင်ငံ၊ ရှန်စီးပြည်နယ်၊ စီအန်လေဆိပ်ကို သန်းကြွယ်သူဌေးမ “၀မ်” ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက် မတ်စတစ်မျိုး ခွေးနက်တစ်ကောင်ပွေ့ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီးရှေ့ဆောင်တဲ့ မာစီးဒီးကားနက်ကြီး ၃၀ နဲ့ လာရောက်ကြိုဆိုပါတယ်တဲ့။ အဲ့ဒီသူဌေးမက တိဘက်လူမျိုးတွေနေကြတဲ့ တရုတ်နိုင်ငံမြောက်ပိုင်း၊ ကျင်းဟိုင်းပြည်နယ်ကိုသွားပြီး ရှားပါးမျိုးဖြစ်တဲ့ အဲ့ဒီခွေနက်ကို ခက်ခက်ခဲခဲရှာဖွေပြီး ယွမ်ငွေလေးသန်း (ဒေါ်လာ ၆ သိန်း) နဲ့ ၀ယ်ခဲ့တာပါ။ “ရွှေကိုတန်ဖိုးသတ်မှတ်လို့ရတယ်။ ဒီ တိဘက် မတ်စတစ်ခွေးမှာ တန်ဖိုးအကန့်အသတ်မရှိဘူး” လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး ရှားပါးတိဘက်ခွေးနက်ကို မာစီးဒီးကားနက်ကြီး ၃၀ နဲ့ လာကြိုကြတာပါတဲ့။

ဒီမိုကရေစီ အနှစ်သာရလား

အားလုံးသိကြတဲ့အတိုင်းပဲ။ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကြီး ဆင်းရဲတွင်းကလွတ်အောင် မနည်းရုန်းထွက်လာရတာ ဘာမှမကြာသေးပါဘူး။ ဒါတောင် လူဦးရေအများစုကြီးဟာ လယ်ယာလုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသားလယ်သမားဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ “၀မ်” လိုလူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ (၆) သိန်းအကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ဒါ ဒီမိုကရေစီပဲလို့ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင်ဘူး။

ဗြဟ္မပါလနိုင်ငံတော်

လူသားအားလုံးရဲ့ မျှော်လင့်ချက်ပန်းတိုင်ဟာ မတရားမှု ဒုစရိုက်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသတ်စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ “ဗြဟ္မပါလနိုင်ငံတော်ကြီး” ဆီ အရောက်လှမ်းဖို့သာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတော်ကြီးဆီသွားဖို့ စနစ်အမျိုးမျိုးနဲ့ နည်းလမ်းအသွယ်သွယ် ရှိနေပါတယ်။ ဒီမိုကရေစီဆိုတာ အဲ့ဒီနည်းလမ်းတွေထဲက တစ်ခုသာဖြစ်ပါတယ်။ သူ့အပြင် အခြားနည်းလမ်းတွေလည်း  အများကြီးရှိနေပါ သေးတယ်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပါပဲ။ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

လမ်းတွေမှ အများကြီး

ဒါကိုပဲ “ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ” လို့ ကြွေးကြော်နေတာကတော့ ကောင်းဘွိုင်သမ္မတနှစ်ဦးဖြစ်တဲ့ ရောနယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်းတူနေတယ်လို့ ထင်ပါတယ်။ အမေရိကန်ဆို အကုန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန်ကောင်းဆိုပြီ မျက်စိမှိတ် အော်ရင် “ကျေးဇူးဆပ်စာပေ” အရေးကောင်းနေသူတွေကို ပြောလိုက်ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်းတွေ အများကြီးရှိနေ ပါတယ်။ ဒီမိုကရေစီဆိုတာက လူသားများရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က “ဗြဟ္မပါလနိုင်ငံတော်ကြီး” ဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း (၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၅)

(မှတ်ချက်။   ။ အံ့ဘုန်းမြတ် ဘလော့ခ်မှ ကူးယူဖော်ပြသည်။)

Advertisements

One response to “ဆောင်းပါး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s