စောနန်းအိမ်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်။
မြန်မာနိုင်ငံ၏ သတင်းမီဒီယာစီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် နအဖစစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားတဲ့ စာပေစီစစ်နှင့် မှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာနမှ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းတွေအပေါ် သာတူညီမှုမှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ တစ်နေ့ခြားပိုမိုဆိုးရွားလာလျှက်ရှိသည်ဟု စာနယ်ဇင်းလောကသားများကြား ပြောဆိုနေကြသည်။ စာပေစီစစ်ရေးသည် လာဘ်ပေးလာဘ်ယူအဆိုးရွားဆုံး အစိုးရဌာနတွေကြား အဆိုးရွားဆုံးဌာနတစ်ခုဖြစ် သည်သာမက ဥပဒေမဲ့ လက်တစ်လုံးခြား လုပ်ရပ်များကိုလည်း စာပေစီစစ်နှင့် မှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် ဆိုးဆိုးရွားကျူးလွန်လာသည်ဟုလည်း စာနယ်ဇင်းလောကသားများမှ ဆိုသည်။ အဆိုပါ လုပ်ရပ်များနှင့်ပတ်သက်ပြီး ယခုမြင်တွေနေရသော မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုကို ( စက်မှုတက္ကသိုလ်) ထုတ်ဝေလျှက်ရှိသည့် 8 days အနုပညာဂျာနယ်၏ မျက်နှာဖုံးဟာ ထင်သာမြင်သာရှိစေလိမ့်မည်ဟု အမည်ဖော်ပြခွင့် လုံးဝခွင့်မပြုသော ဂျာနယ်အယ်ဒီတာချုပ်တစ်ဦးမှ ပြောကြားသည်
“ဒီလိုဖော်ပြလို့ရတာ ကိုကို (စက်မှု) ထုတ်တဲ့ 8days ဂျာနယ်ရဲ့ မျက်နှာဖုံးပုံပါ။ တခြားဂျာနယ်တွေမှာဆိုရင်တော့ ပြည်ပက မင်းသမီးပုံတွေတောင် ရင်ဘတ်ဖုံးပါ၊ ဂါဝန်က ဒူးအောက်ရောက်အောင် ဖုံးပေးပါလို့ စာပေစိစစ်ရေးက ညွှန်ကြားပေမယ့် ကိုကိုတို့၊ မြတ်ခိုင်တို့ကတော့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အမှုဆောင်တွေ ဖြစ်နေတာဆိုတော့ အခွင့်တူးခံတွေအနေနဲ့ ရနေကြတယ်ဗျ။ တခြားဂျာနယ်တွေမှာ ဘီအိုင်အေခေတ်က ဒေါင်းလံကိုတောင် ခွင့်မပြုပေမယ့် မြတ်ခိုင်ဂျာနယ်ဆိုရင် ရတယ်။ ဗိုလ်မှူးတင့်ဆွေကို သွားပြောရင် ကျွန်တော်ကဖြုတ်ခိုင်းထားတာ… ဦးမြတ်ခိုင်က ရိုက်ပြီးသား ဖြစ်သွားလို့…. ဆိုတဲ့ စကားကိုပဲ ပြောတာဆိုတော့ ဘယ်သူကမှ မပြောချင်တော့ဘူး။” ဟုဆိုသည်။ အခြားသတင်းဂျာနယ် အယ်ဒီတာတစ်ဦးကတော့
“ကျွန်တော်တို့မီဒီယာဆိုတာ စာဖတ်ပရိသတ်တွေ သိချင်နေတဲ့အကြောင်းအရာသတင်းတွေကို သူထက်ငါ ဦးအောင် အပြိုင်အဆိုင် ဖော်ပြနေကြရတဲ့နေရာမှာ စာပေစီစစ်ရေးက ဒီလို သာတူညီမှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ရှိလာတဲ့အခါကျတော့ အပြိုင်အဆိုင်တွေကြားမှာ ဈေးကွက်အရ မိုနိုပိုလိုက်စ် လက်ဝါးကြီးအုပ်တာမျိုး လုပ်လာတွေရှိလာတယ်။ ကိုကိုတို့လို မြတ်ခိုင်တို့လို့ သန်းထွဋ်အောင်တို့လို စီစစ်ရေး တာဝန်ကျ ညွှန်ကြားရေးမှူးတွေနဲ့ ကပ်ပေါင်းပြီး လုပ်စား ကိုင်စားလုပ်လာတဲ့ မလိုလားအပ်တဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေ ဖြစ်လာတယ်။ သူတို့ဂျာနယ်တွေမှာ စီစစ်ရေးက ခွင့်မပြုတာတွေ ပါလာတဲ့အတွက် လူတွေက ပိုပြီးဝယ်ဖတ်လာကြတယ်။ ကျွန်တော်တို့လို ဂျာနယ်တွေမှာကျတော့ ပါအောင်ထည့်ပေမယ့် စီစစ်ရေးဖြုတ်တယ်။ ဖြုတ်တော့ မပါတော့တဲ့အတွက် ဖတ်အားကျလာတယ်။ ဒီလိုဆိုတော့ ဈေးကွက်မှာ အပြိုင်အဆိုင်ပြိုင်မှုမရှိတော့ပဲ တစ်ဖက်သက်ဖြစ်လာတယ် သူတို့ကြည့်ပဲ လက်ဝါးကြီး အုပ်ပြီးသားဖြစ်သွားတယ်။” ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတစ်ဦးက Gtalk မှ တစ်ဆင့် ပြောကြားသည်။
အထင်ကရသြဇာကြီးမာသည့် သတင်းဂျာနယ်တစ်စောင်ကမူ စီစစ်ရေးတာဝန်ကျ ညွှန်ကြားရေးမှူးတိုင်းကို အမြတ်ရှယ်ရာ ခွဲဝေပေးတာမျိုးအထိ လုပ်ဆောင်ပြီး ဈေးကွက်လက်ဝါးကြီးအုပ်ချုပ်ကိုင်နိုင်မှုကို ကြိုးပမ်းထားကြောင်း အဆိုပါ သတင်းဂျာနယ်အသိုင်းအ၀ိုင်းမှပြောသည်။ ဒါအပြင် အရက်ဘီယာကြော်ငြာများအား ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ကာ ပုံနှိုပ်မီဒီယာများတွင် ဖော်ပြခွင့်မရှိဟု စာပေစီစစ်ရေးက တရားဝင်သတင်းထုတ်ပြန် ကြေညာခဲ့သော်လည်း လက်ရှိအခြေအနေတွင် ဘီယာနှင့် ပတ်သက်ပြီး အထင်ကရ အခြားဂျာနယ်တစ်စောင်တွင် လက်ရှိအခြေအနေအထိ ဖော်ပြနေဆဲဖြစ်သည်ကို တွေ့ရသည်။
လွန်ခဲ့သည့်ရက်ပိုင်းမှာလည်း သရုပ်ဆောင် ထက်ထက်မိုးဦးမှ သတင်းထောက် မအေးသူစံအား ရိုက်နှက်ဆဲဆိုခဲ့တဲ့ သတင်းနှင့်ပတ်သက်ပြီး ဖော်ပြခွင့်ပိတ်ပင်ထားရာမှ ဖော်ပြခဲ့သည့် The Voice နှင့် The First ဂျာနယ် နှစ်စောင်အား ၁၉၇၄ နှင့် ၁၉၆၄ ပုံနှိုပ်ထုတ်ဝေခွင့် ဥပဒေများအား ချိုးဖောက်သည်ဟုဆိုကာ ထုတ်ဝေခွင့် တစ်ပတ်ပိတ်ခဲ့သည်။ ထို့အပြင် ဂျာနယ်၊ မဂ္ဂဇင်းအသီးသီးအား စီစစ်ရေးမှ အပတ်စဉ်၊ လစဉ်ဖြုတ်ပယ်သည့် ညွှန်ကြားချက်များအား လွဲချော်ဖောက်ဖျက်မိပါ က ထိုဥပဒေများအား ဖောက်ဖျက်သည်ဟုဆိုကာ အယ်ဒီတာချုပ်များ၊ တာဝန်ခံအယ်ဒီတာများနှင့် ထုတ်ဝေသူများကို အကြိမ်ကြိမ် ခံဝန်လက်မှတ် ထိုးခိုင်းလျှက်ရှိသည်။

