မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်။
ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်းမှ လေယဉ်မယ်များပါဝင်တဲ့ အမျိုးသမီးဘောလုံးအသင်းနဲ့ ရုပ်ရှင်အစည်း အရုံးဝင် အနုပညာရှင် မင်းသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေးအနေနဲ့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒီလိုယှဉ်ပြိုင်ဖို့ အဲပုဂံလေယဉ်မယ်အသင်းက ဖိတ်ခေါ်ထားတာဖြစ်တယ်လို့ မင်းသမီးဘောလုံးအသင်းခေါင်း ဆောင် ဆုပန်ထွာက ပြည်မြန်မာဂျာနယ်ကို ပြောကြားထားတာတွေ့ရပါတယ်။
“ဒီလိုကမ်းလှမ်းလာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့ စိတ်ဝင်စားပါတယ်။ အရင်ကလည်း အတွေ့အကြုံတွေ ရှိပါတယ်။ အခုအမျိုးသမီးအသင်း ပြန်ဖွဲ့ပြီးသွားရင် ပြန်ကန်မှာပါ။ အဲဒီအတွက် လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ” လို ဆိုပါတယ်။
လောလောဆယ်မှာတော့ ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်း အနေနဲ့ သထုံလမ်း၊ တက္ကသိုလ်ဘောလုံးကွင်းမှာ တစ်ပတ်ကို စနေနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဒီဇွန်လမှ စတင်ပြီး လေ့ကျင့်နေကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီမင်းသမီးဘောလုံး အသင်းမှာ ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်းတို့နဲ့ ဖွဲ့စည်းထားပြီ စိတ်ဝင်စားသော အခြားကျန်ရှိတဲ့ အနုပညာရှင်တွေအနေနဲ့လည်း လာရောက်ပါဝင် ကစားကြဖို့ ဖိတ်ခေါ်ထားတယ်လို့ ပြည်မြန်မာဂျာနယ်ရဲ့ သတင်းကဆိုပါတယ်။
အရင်က ဒီအမျိုးသမီးဘောလုံးအသင်းမှာ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရံပုံငွေအဖြစ် ချစ်ကြည်ရေး ဘောလုံးပွဲတွေကို ဆင်နွဲခဲ့ဘူးတဲ့ အသင်းတစ်သင်း လည်းဖြစ်ပါတယ်။




