ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သုခကုသိုလ်ဖြစ်ဆေးခန်း ဓာတ်မှန်းခန်းဖွင့်လှစ်

မင်းမနိုင်၊ အလွတ်တန်းသတင်းထောက်၊ ရန်ကုန် (၁၉ ဇွန် ၂၀၀၁၀)
ဒီနေ့မှာကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ (၆၅) ပြည့် မွေးနေ့မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းမှာ ဓာတ်မှန်းဆောင်သစ်ကို ဒီမနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ကလေးငယ်တွေကမိုးပျံ ပူဖောင်းတွေကိုလွတ်တင်ခဲ့ပြီး အသင်းဥက္ကဌ ကိုကျော်သူက  လှောင်အိမ်ထဲက ငှက်ကိုလွတ်လပ်စေချင်တဲ့သဘောနဲ့ ငှက်တွေ လွှတ်ခဲ့တာကို တွေ့ရပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်တာကြောင့် နိုင်ငံရေးသမားအများစုကတော့ တက်ရောက်ခြင်းမရှိပဲ  စာနယ်ဇင်းလောက ကပုဂ္ဂိုလ်တွေနဲ့ အနုပညာလောကသားတွေ တက်ရောက်ခဲ့ကြသလို ထောက်လှမ်းရေး (၇) ယောက်လောက်လည်း လာရောက် စောင့်ကြည့်နေတာတွေ့ရပါတယ်။

အခုဖွင့်လှစ် ဓာတ်မှန်ခန်းဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ရွှေဂုံတိုင်အထူးကုဆေးရုံမှာ တာဝန်ကျအထူးကုဆရာဝန်ကြီးရဲ့ လွဲမှားတဲ့ ကုသမှုကြောင့် သေဆုံးခဲ့ရတဲ့ မဆုရွန်းလဲ့ရည်မိသားစုက ထည့်ဝင်တဲ့အလှူငွေနဲ့ အခြားအလှူရှင်တွေ ထည့်ဝင်လှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ မတည် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်မှန်းခန်းမှာ ထားရှိမယ့် ဓါတ်မှန် စက်ဟာ ဒေါ်လာ ၂ သောင်းခွဲ တန်ဘိုးရှိပြီး အဆောက်အအုံက ကာလတန်ကြေး ကျပ်သိန်း ၂၈၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူတွေအတွက် သုကကုသိုလ်ဖြစ်ဆေးခန်းမှာ ဓာတ်မှန်ခန်းဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်ပြီး ၀ါရင့် ဂျာနယ် အယ်ဒီတာတစ်ဦးကတော့

၂၀၁၀ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သုခကုသိုလ်ဖြစ်ဆေးခန်း ဓာတ်မှန်းခန်းဖွင့်လှစ်ပွဲ

“ကျွန်တော်တို့တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေအတွက် အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်က ပြည်သူ့ဆေးရုံးကြီးမှာရှိတဲ့ ဓာတ်မှန်ခန်းဆိုတာကလည်း အလှည့်ကျစောင့်ပြီး ရိုက်ကြရတာ။ သေရေးရှင်ရေး အရေးကြီးနေတဲ့ အချိန်မှာ ဓာတ်မှန်ရိုက်ဖို့ စောင့်နေရတာနဲ့တင် သေသွားနိုင်တဲ့ အခြေအနေမျိုးလေ။ ငွေကြေးချမ်းသာတဲ့ သူတွေအတွက်ရှိတဲ့ ပုဂ္ဂလိက ဆေးရုံးတွေမှာဆိုရင်လည်း စိတ်ချယုံကြည့်ရမှုက လုံးဝမရှိဘူး။ ဒီလိုအခြေအနေမှာ သုခဆေးခန်းမှာ ဆင်းရဲချမ်းသာ မရွေးလာရောက် ရိုက်ကူးနိုင်မယ့် ဓာတ်မှန်းခန်းဖွင့်လှစ်တာ ကျွန်တော်တို့ကြိုဆိုပါတယ်။ အထူးသဖြင့် အစိုးကိုယ်တိုင်ရဲ့ ကျန်းမာရေးကဏ္ဍမှာ အသုံးတဲ့ ဘတ်ဂျက် (ငွေစာရင်း) အင်မတန် နည်းတဲ့အအခြေအနေမှာ ဒီလို လူမှုရေးအသင်းအဖွဲ့တွေက ကျန်းမာရေးကဏ္ဍမှာ ပါဝင်ကူညီဆောင်ရွက်လာကြတဲ့အတွက် ပြည်သူတွေအတွက် အင်မတန် အကျိုးရှိပါတယ်။” လို့ ပြောပါတယ်။

ဓာတ်မှန်းခန်းကို လာရိုက်တဲ့ လူနာတွေ များရင်များသလို လူနာအခြေနေပေါ်မူတည်ပြီး နေစဉ်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ လည်း ဒေါ်ရွှေဇီးကွက်ကပြောပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) က သုခကုသိုလ်ဖြစ်ဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လမှာ စတင်ဖွင့်လှစ်ပြီး အရေးပေါ်ခွဲစိတ် ကုသဖို့လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအ၀င် ဘယ်ရောဂါအတွက်ကိုမဆို ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအတွက် ခွဲစိတ်ခန်းစရိတ်လှူဒါန်းတာ စသည်ဖြင့်ဆောင်ရွက်ပေးနေပါတယ်။ ဒီဆေးခန်းမှာ မျက်စိ အရိုးအကြော၊ အရေပြား၊ ကင်ဆာစတဲ့ရောဂါတွေကို အထူးကုဆရာ ၀န်ကြီးတွေ၊ သမားတော်ကြီးတွေ ၄၀ ကျော်က နေစဉ်လူနာပေါင်း ၂၅၀ လောက်ကို အခမဲ့ ကုသပေးနေပါတယ်။

မင်းသမီးအသင်းနှင့် လေယဉ်မယ်ဘောလုံးအသင်း ချစ်ကြည်ရေးကန်မည်

မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်။

ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်းမှ လေယဉ်မယ်များပါဝင်တဲ့ အမျိုးသမီးဘောလုံးအသင်းနဲ့ ရုပ်ရှင်အစည်း အရုံးဝင် အနုပညာရှင် မင်းသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေးအနေနဲ့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒီလိုယှဉ်ပြိုင်ဖို့ အဲပုဂံလေယဉ်မယ်အသင်းက ဖိတ်ခေါ်ထားတာဖြစ်တယ်လို့ မင်းသမီးဘောလုံးအသင်းခေါင်း ဆောင် ဆုပန်ထွာက ပြည်မြန်မာဂျာနယ်ကို ပြောကြားထားတာတွေ့ရပါတယ်။

“ဒီလိုကမ်းလှမ်းလာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့ စိတ်ဝင်စားပါတယ်။ အရင်ကလည်း အတွေ့အကြုံတွေ ရှိပါတယ်။ အခုအမျိုးသမီးအသင်း ပြန်ဖွဲ့ပြီးသွားရင် ပြန်ကန်မှာပါ။ အဲဒီအတွက် လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ”  လို ဆိုပါတယ်။

လောလောဆယ်မှာတော့ ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်း အနေနဲ့ သထုံလမ်း၊ တက္ကသိုလ်ဘောလုံးကွင်းမှာ တစ်ပတ်ကို စနေနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဒီဇွန်လမှ စတင်ပြီး လေ့ကျင့်နေကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီမင်းသမီးဘောလုံး အသင်းမှာ ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်းတို့နဲ့ ဖွဲ့စည်းထားပြီ စိတ်ဝင်စားသော အခြားကျန်ရှိတဲ့ အနုပညာရှင်တွေအနေနဲ့လည်း လာရောက်ပါဝင် ကစားကြဖို့ ဖိတ်ခေါ်ထားတယ်လို့ ပြည်မြန်မာဂျာနယ်ရဲ့ သတင်းကဆိုပါတယ်။

အရင်က ဒီအမျိုးသမီးဘောလုံးအသင်းမှာ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရံပုံငွေအဖြစ် ချစ်ကြည်ရေး ဘောလုံးပွဲတွေကို ဆင်နွဲခဲ့ဘူးတဲ့ အသင်းတစ်သင်း လည်းဖြစ်ပါတယ်။

သာတူညီမျှမှုမရှိသည့် စာပေစီစစ်ရေး၏ ဥပဒေမဲ့လုပ်ရပ် ပိုမိုဆိုးရွားလာလျှက်ရှိ

စောနန်းအိမ်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်။

မြန်မာနိုင်ငံ၏ သတင်းမီဒီယာစီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် နအဖစစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားတဲ့ စာပေစီစစ်နှင့် မှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာနမှ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းတွေအပေါ် သာတူညီမှုမှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ တစ်နေ့ခြားပိုမိုဆိုးရွားလာလျှက်ရှိသည်ဟု စာနယ်ဇင်းလောကသားများကြား ပြောဆိုနေကြသည်။ စာပေစီစစ်ရေးသည် လာဘ်ပေးလာဘ်ယူအဆိုးရွားဆုံး အစိုးရဌာနတွေကြား အဆိုးရွားဆုံးဌာနတစ်ခုဖြစ် သည်သာမက ဥပဒေမဲ့ လက်တစ်လုံးခြား လုပ်ရပ်များကိုလည်း စာပေစီစစ်နှင့် မှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် ဆိုးဆိုးရွားကျူးလွန်လာသည်ဟုလည်း စာနယ်ဇင်းလောကသားများမှ ဆိုသည်။ အဆိုပါ လုပ်ရပ်များနှင့်ပတ်သက်ပြီး ယခုမြင်တွေနေရသော မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုကို ( စက်မှုတက္ကသိုလ်) ထုတ်ဝေလျှက်ရှိသည့် 8 days အနုပညာဂျာနယ်၏ မျက်နှာဖုံးဟာ ထင်သာမြင်သာရှိစေလိမ့်မည်ဟု အမည်ဖော်ပြခွင့် လုံးဝခွင့်မပြုသော ဂျာနယ်အယ်ဒီတာချုပ်တစ်ဦးမှ ပြောကြားသည်

“ဒီလိုဖော်ပြလို့ရတာ ကိုကို (စက်မှု) ထုတ်တဲ့ 8days ဂျာနယ်ရဲ့ မျက်နှာဖုံးပုံပါ။ တခြားဂျာနယ်တွေမှာဆိုရင်တော့ ပြည်ပက မင်းသမီးပုံတွေတောင် ရင်ဘတ်ဖုံးပါ၊ ဂါဝန်က ဒူးအောက်ရောက်အောင် ဖုံးပေးပါလို့ စာပေစိစစ်ရေးက ညွှန်ကြားပေမယ့် ကိုကိုတို့၊ မြတ်ခိုင်တို့ကတော့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အမှုဆောင်တွေ ဖြစ်နေတာဆိုတော့ အခွင့်တူးခံတွေအနေနဲ့ ရနေကြတယ်ဗျ။ တခြားဂျာနယ်တွေမှာ ဘီအိုင်အေခေတ်က ဒေါင်းလံကိုတောင် ခွင့်မပြုပေမယ့် မြတ်ခိုင်ဂျာနယ်ဆိုရင် ရတယ်။ ဗိုလ်မှူးတင့်ဆွေကို သွားပြောရင် ကျွန်တော်ကဖြုတ်ခိုင်းထားတာ… ဦးမြတ်ခိုင်က ရိုက်ပြီးသား ဖြစ်သွားလို့…. ဆိုတဲ့ စကားကိုပဲ ပြောတာဆိုတော့ ဘယ်သူကမှ မပြောချင်တော့ဘူး။”  ဟုဆိုသည်။ အခြားသတင်းဂျာနယ် အယ်ဒီတာတစ်ဦးကတော့

“ကျွန်တော်တို့မီဒီယာဆိုတာ စာဖတ်ပရိသတ်တွေ သိချင်နေတဲ့အကြောင်းအရာသတင်းတွေကို သူထက်ငါ ဦးအောင် အပြိုင်အဆိုင် ဖော်ပြနေကြရတဲ့နေရာမှာ စာပေစီစစ်ရေးက ဒီလို သာတူညီမှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ရှိလာတဲ့အခါကျတော့ အပြိုင်အဆိုင်တွေကြားမှာ ဈေးကွက်အရ မိုနိုပိုလိုက်စ် လက်ဝါးကြီးအုပ်တာမျိုး လုပ်လာတွေရှိလာတယ်။ ကိုကိုတို့လို မြတ်ခိုင်တို့လို့ သန်းထွဋ်အောင်တို့လို စီစစ်ရေး တာဝန်ကျ ညွှန်ကြားရေးမှူးတွေနဲ့ ကပ်ပေါင်းပြီး လုပ်စား ကိုင်စားလုပ်လာတဲ့ မလိုလားအပ်တဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေ ဖြစ်လာတယ်။ သူတို့ဂျာနယ်တွေမှာ စီစစ်ရေးက ခွင့်မပြုတာတွေ ပါလာတဲ့အတွက် လူတွေက ပိုပြီးဝယ်ဖတ်လာကြတယ်။ ကျွန်တော်တို့လို ဂျာနယ်တွေမှာကျတော့ ပါအောင်ထည့်ပေမယ့် စီစစ်ရေးဖြုတ်တယ်။ ဖြုတ်တော့ မပါတော့တဲ့အတွက် ဖတ်အားကျလာတယ်။ ဒီလိုဆိုတော့ ဈေးကွက်မှာ အပြိုင်အဆိုင်ပြိုင်မှုမရှိတော့ပဲ တစ်ဖက်သက်ဖြစ်လာတယ် သူတို့ကြည့်ပဲ လက်ဝါးကြီး အုပ်ပြီးသားဖြစ်သွားတယ်။” ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတစ်ဦးက Gtalk မှ တစ်ဆင့် ပြောကြားသည်။

အထင်ကရသြဇာကြီးမာသည့် သတင်းဂျာနယ်တစ်စောင်ကမူ စီစစ်ရေးတာဝန်ကျ ညွှန်ကြားရေးမှူးတိုင်းကို အမြတ်ရှယ်ရာ ခွဲဝေပေးတာမျိုးအထိ လုပ်ဆောင်ပြီး ဈေးကွက်လက်ဝါးကြီးအုပ်ချုပ်ကိုင်နိုင်မှုကို ကြိုးပမ်းထားကြောင်း အဆိုပါ သတင်းဂျာနယ်အသိုင်းအ၀ိုင်းမှပြောသည်။ ဒါအပြင် အရက်ဘီယာကြော်ငြာများအား ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ကာ ပုံနှိုပ်မီဒီယာများတွင် ဖော်ပြခွင့်မရှိဟု စာပေစီစစ်ရေးက တရားဝင်သတင်းထုတ်ပြန် ကြေညာခဲ့သော်လည်း လက်ရှိအခြေအနေတွင် ဘီယာနှင့် ပတ်သက်ပြီး အထင်ကရ အခြားဂျာနယ်တစ်စောင်တွင် လက်ရှိအခြေအနေအထိ ဖော်ပြနေဆဲဖြစ်သည်ကို တွေ့ရသည်။

လွန်ခဲ့သည့်ရက်ပိုင်းမှာလည်း သရုပ်ဆောင် ထက်ထက်မိုးဦးမှ သတင်းထောက် မအေးသူစံအား ရိုက်နှက်ဆဲဆိုခဲ့တဲ့ သတင်းနှင့်ပတ်သက်ပြီး ဖော်ပြခွင့်ပိတ်ပင်ထားရာမှ ဖော်ပြခဲ့သည့် The Voice နှင့် The First ဂျာနယ် နှစ်စောင်အား ၁၉၇၄ နှင့် ၁၉၆၄ ပုံနှိုပ်ထုတ်ဝေခွင့် ဥပဒေများအား ချိုးဖောက်သည်ဟုဆိုကာ ထုတ်ဝေခွင့် တစ်ပတ်ပိတ်ခဲ့သည်။ ထို့အပြင် ဂျာနယ်၊ မဂ္ဂဇင်းအသီးသီးအား စီစစ်ရေးမှ အပတ်စဉ်၊ လစဉ်ဖြုတ်ပယ်သည့် ညွှန်ကြားချက်များအား လွဲချော်ဖောက်ဖျက်မိပါ က ထိုဥပဒေများအား ဖောက်ဖျက်သည်ဟုဆိုကာ အယ်ဒီတာချုပ်များ၊ တာဝန်ခံအယ်ဒီတာများနှင့် ထုတ်ဝေသူများကို အကြိမ်ကြိမ် ခံဝန်လက်မှတ် ထိုးခိုင်းလျှက်ရှိသည်။

လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park တွင် မီးလောင်

မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်

(၂၀၁၀၊ ဇွန်လ ၁၅ )

ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park အဆောင် (၁ ) မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ အဆောင် (၁) ရှိ Net Info အရှေ့ရှိ စတိုခန်း မီးလောင်ကျွမ်းခဲ့တာဖြစ်သည်။ အဆိုပါ စတိုခန်းသည် Melody World ရိုက်ကူးရေးမှာ အသုံးပြုတဲ့ ပစ္စည်းများ စုပုံသိမ်းစည်းတဲ့ စတိုခန်းဖြစ်ပြီး  ရိုက်ကူးရေးသုံး ဆိုင်းပုဒ်များနဲ့ တခြားဆပ်စပ်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။
`မှန်ပြုတွင်းပေါက်တွေက မှန်အချပ် ၂၀ လောက်ကိုတော့ မီးငြိမ်းသပ်ရေး ဖေါ်မြူတာအရ ရိုက်ခွဲပစ်လိုက်ရတယ်။ မျက်နှာကျက်တွေလည်းလောင်သွားတယ်။ ပြန်ပြုပြင်မယ်ဆိုရင်တော့ ကာလပေါက်ဈေးအရ ကျပ်သိန်း ၅၀ ဖိုးလောက်တော့ ရှိလိမ့်မယ်´  မျက်မြင်တစ်ဦးက ပြောသည်။
မီးစတင်လောင်ကျွမ်းပြီး သိပ်မကြာခင် နံနက် ၈ နာရီ ၄၅ မိနစ်မှာ မီးသတ်ကား ၅ စီးလာရောက် မီးငြိမ်းသတ်ပြီး နာရီပိုင်းအတွင်း ငြိမ်းသက်ခဲ့ပြီး အခြားသို့ ကူးဆက်လောင်ကျွမ်းမှု မရှိဟု သိရသည်။

မြန်မာစာနယ်ဇင်းအဖွဲ့ ၀က်ဘ်ဆိုက်လွှတ်တင်

စောနန်းအိမ်။ အလွတ်တန်းသတင်းထောက်၊ ရန်ကုန်။

မြန်မာစာနယ်ဇင်းအဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝက်ဘ်ဆိုက်လွှင့် တင်ထားပါတယ်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://mwja.org ဖြစပါတယ်။

ဒီလို ၀က်ဘ်ဆိုက်လွှတ်တင်ကြတာနဲ့ပတ်သက်ပြီး သတင်းဂျာနယ် အယ်ဒီတာတစ်ဦးကတော့

“မြန်မာစာနယ်ဇင်းလောကမှာ အပြောင်းအလဲလေး တစ်ခုပေါ့ဗျာ။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဆိုတာကလည်း စာနယ်ဇင်းတွေအကျိုးကို ဘာမှမဆောင်ရွက်နိုင်ခဲ့တာ အတော်ကြာပြီး အရင်က ဥက္ကဌ ဦးဆောင်းလက်ထက် မတိုင်ခင်တုန်းကတည်းပဲ။ အခု ကိုကို (စက်မှု) တို့ လုပ်မှ ဒါမျိုးလေးတွေရှိလာတာ။ ဘာပဲပြောပြော ဘာမှ မရှိတာထက်စာရင်တော့ တော်သေးတာပေါ့။ ခုရှိပေမယ့်လည်း ဒီအသင်းက ဘယ်လောက်အထိ စာနယ်ဇင်းလောကသားတွေအတွက် ကောင်းကျိုးတွေ သယ်ပိုးပေးနိုင်ကြမလဲ။ အစိုးရရဲ့ အာဏာတည်မြဲရေးအတွက် စတုထ္ထမဏ္ဍိုင် အနေနဲ့ပဲ ရပ်တည်ကြမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ”

မြန်မာနိုင်ငံစာနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ ၀က်ဘ်ဆိုက်မှာပေါ်ပြထားတဲ့ သောက်သုံးရေရှားပါးမှု လှူးဒါန်းနဲ့ အသင်းလှုပ်ရှားမှု သတင်းဓာတ်ပုံတွေမှာတော့ မကြာသေး ခင်ကမှ ပါတီထူထောင်ထားတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေပါ အတူတကွ လှူဒါန်းမှု ပြုလုပ်နေ ကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အခြား ၀ါရင့်မဂ္ဂဇင်းအယ်ဒီတာတစ်ဦးကတော့

“ကျွန်တော်တို့ မဂ္ဂဇင်းတိုက်တွေနဲ့ စာပေထုတ်ဝေရေးလုပ်တဲ့သူတွေ အကုန်လုံးနီးနီးကို သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ရွာတွေကို စာပေနှင့် စာနယ်ဇင်းအသင်းက ရေလှူဒါန်းဖို့အတွက် အလှူခံတယ်ပေါ့ဗျာ။ ကျွန်တော်တို့လည်း အလှူငွေဝိုင်းထည့်ကြတာပေါ့။ ၀င်ငွေကောင်းတဲ့ စာရေးဆရာတွေဆို တစ်ယောက်တည်း သိန်းနဲ့ချီပြီး ထည့်ကြတာမျိုးတွေရှိတယ်။ ဒါပေမယ့် အခုလို လှူဒါန်းမှုတွေမှာ ကြံ့ခိုင်ရေးအလံတွေ၊ တံဆိပ်တွေပါနေတာမြင်ရတော့ ရင်ထဲမှာ မကောင်းဘူး။ ဒီလို ရေအခက်အခဲတွေ့နေကြတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေက ကြံ့ခိုင်ရေးကလှူပါတယ်လို့ ထင်သွားကြမှာလေ။ တကယ်တော့ အဲ့ဒီပိုက်ဆံတွေက ကျွန်တော်တို့ စာပေလောကသားတွေ အကုန်လုံး ၀ိုင်းဝန်းလှူဒါန်းထားကြတဲ့ပိုက်ဆံတွေ။ နောက်ထပ်လည်း ကျေးရွာစာကြည့်တိုက်တွေ ဖွင့်ဖို့ဆိုပြီး စာပေစီစစ်ရေးကတဆင့် အလှူခံထားသေးတယ်။ အဲ့ဒါတွေလည်း ၀န်ကြီးက တစ်ရက်ကိုတစ်ခု ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေတာ မြင်ရတော့ အလှူလဘက်နဲ့ မျက်နှာလုပ်နေတြကဲ့ အစိုးရစနစ်ကြီး ထင်းထင်းကြီးမြင်ကြရတာပေါ့။”

မြန်မာနိုင်ငံစာနှင့် စာနယ်ဇင်းအဖွဲ့ကို ၁၉၄၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခု အလုပ်အမှုဆောင်အဖွဲ့သစ်မှာတော့ ဥက္ကဌအနေနဲ့ တက္ကသိုလ်တင်ခ၊ ဒုဥက္ကဌ ဒေါက်တာတင်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး (၁) ကိုကို (စက်မှုတက္ကသိုလ်) နဲ့ အထွေထွေအတွင်းရေးမှူး (၂) မြတ်ခိုင် (လျှပ်တပြတ်) တို့က တာဝန်ယူလုပ်နေတဲ့ လူမှုရေးအသင်းတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ ၀က်ဘ်ဆိုက်အတွင်းမှာတော့ အသင်းကထုတ်ပြန်ကြေညာတဲ့ ကြေညာချက်တွေနဲ့ အသင်းရဲ့လှုပ်ရှားမှုသေတင်းတွကို အဓိကထား ဖော်ပြထားပါတယ်။

ဆယ်တန်းအောင်စာရင်း ထွက်ပြီ

မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်

(၂၀၁၀၊ ဇွန်လ ၁၃ )

၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် ၁၀ တန်းအောင်စာရင်းတွေ ဒီနေ့မှာ အခြေခံပညာဦးစီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ မြို့နယ်အလိုက် စာစစ်ဌာနအသီးသီးမှာ အောင်စာရင်းတွေကို ဒီနေ့မနက် အာရုံတက်ချိန်မှာ ကပ်ထားပါတယ်။

ဒီနှစ် အောင်ချက်အခြေအနေနဲ့ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန (အောက်မြန်မာ) က ၀န်ထမ်းတစ်ဦးကတော့

“ရန်ကုန်မှာကတော့ တီတီစီကျောင်းက အောင်ချက်အများဆုံးပဲ။ ဂုဏ်ထူးထွက်တာဆိုလည်း အဲ့ဒီကျောင်းကများတယ်။ သူ့တစ်ကျောင်းတည်းတင် ၆ ဘာသာ ဂုဏ်ထူးထွက်တာ ကျောင်းသား အယောက် ၂၀ လောက်ရှိမယ်။ အခြားကျောင်းတွေကလည်း အောင်တော့ အောင်ကြပါတယ်။ ဒါပေမယ့် အားလုံးကို ခြုံလိုက်ရင် ဂုဏ်ထူးထွက်တာတော့နည်းတယ်လို့ ပြောလို့ရမယ် ဒီနှစ်။” လို့ ပြောပါတယ်။ အခြား ပညာရေးဝန်ထမ်းတစ်ဦးကတော့

“ဒီနှစ်ဂုဏ်ထူးနည်းတာက ၆ ဘာသာဂုဏ်ထူးထွက်တာများလွန်းလို့ ပြန်စစ်ကြရတာ။ ပထမတုန်းက ဒီလ ၆ ရက်နေ့ကိုထွက်ဖို့လေ။ ဒီလို့ပြန်စစ်လိုက်လို့ တစ်ပတ်နောက်ကျတာ” လို့ပြောပါတယ်။

လှိုင်မြို့နယ် ပညာရေးမှူးရုံးမှာ အောင်စာရင်သွားကြည့်ခဲ့တဲ့ ကျောင်းသားတစ်ဦးကတော့

“ကျောင်းတိုင်းကပ်ပါတယ်။ အဲဒီမှာတွေကတော့ မနက်ကျမှပေါ့။ ဒီမှာကတော့ ည ၁၂ နာရီလောက်ကတည်းက ကပ်ထားတာ။ ကိုယ်ဖြေခဲ့တဲ့ကျောင်းမှာအောင်စရင်းကြည့်လည်းရတာပဲဗျ။ အခုဒီမှာတော့ လုံခြုံရေး ရဲတွေချထားတယ်။ ၇ယောက်လောက် တော့တွေ့တယ်။ အေးဆေးပါပဲ။ သူတို့ ကြည့်နေကြတယ်။” လို့ဆိုပါတယ်။

အခြားကျောင်းသူတစ်ဦကလည်း

“ဒီနှစ်က မော်ရေးရှင်းအမှတ်က တော်တော်ပေးတယ်လို့ သမီးတို့ကြားရတယ်ရှင်။ သမီးတို့ သူငယ်ချင်းတွေထဲမှာတော့ တော်တော်များများအောင်ကြပါတယ်။ ကျတာတွေလည်းရှိတာပေါ့နော်။ သမီးတို့က ရိုးရိုးပဲအောင်တာဆိုတော့ အမှတ်ပေါင်း ဘယ်လောက်ရမလဲဆိုတော့ အမှတ်စာရင်း ထုတ်လို့ရမှ သိမှာ” လို့ပြောပါတယ်။

ရန်ကုန်မြို့ရှိ လှိုင်တက္ကသိုလ်အတွင်းရှိ ဇွဲကပင်ဆောင်တွင် ည (၁၂) အချိန် ကျောင်းသူကျောင်းသားများ အောင်စာရင်း ကြည့်နေကြစဉ်

ဒီလို အောင်စာရင်း ထုတ်ပြန်ကြေညာပြီး နောက်ရက်ပိုင်းမှာပဲ စစ်တကသိုလ်အသီးသီးက ၀င်ခွင့်ကြေညာပြီးခေါ်ယူမှာပြီးမှ အခြားအသက်မွေးဝမ်းကြောင်းတကသိုလ်တွေနဲ့ ၀ိဇာသိပ္ပံတကသိုလ်တွေက တကသိုလ်ဝင်ခွင့် ခေါ်ယူကြရမှာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ၀ါရင့် ကျူရှင်ဆရာတစ်ဦးက

“စစ်တကသိုလ်တွေကတော့ ပထမဆုံးဝင်ခွင့်ခေါ်တာပဲဗျ။ ကျောင်းသားတွေထဲက မျိုးရိုးရှိတဲ့လူတွေ မိဘက အတင်းအကြပ် တက်ခိုင်းလို့ဖြစ်စေ တက်ကြရတာမျိုးတွေရှိတယ်။ ကျန်တဲ့ ကျောင်းသားအများစုကတော့ ဒီလိုတကသိုလ်တွေ မတက်ကြဘူးဗျ။ အများစုကတော့ အမှတ်စာရင်း ကြိုသိချင်လို့ စစ်တကသိုလ်ဖြေဖို့ဆိုပြီးတော့ အမှတ်စာရင်း ထုတ်ကြတာမျိုးတွေ ကျောင်းသားတွေ ကြားမှာရှိတယ်။ နောက် ရေကြောင်းသိပတို့ဘာတို့က ခေါ်တော့မှ အမှတ်ကောင်းတဲ့ အများစုက ၀င်လျှောက်ကြတော့တာ။ အမှတ်အရမ်းကောင်းတဲ့ သူတွေကလည်း ကသိုလ်တွေ ၀င်ခွင့်ခေါ်မှာ လျှောက်ကြတာမျိုးတွေရှိတယ်။” လို့ ဆိုပါတယ်။

ကျောင်းသူကျောင်းသာတွေအနေ ရန်ကုန်မြို့၊ လှိုင်တကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ အခြေခံပညာဦးစီးဌာန (ဇွဲကပင်) ဆောင်မှာ အောင်စာရင်း လာရောက်ကြည့်ရှုနိုင်တယ်လို့လည်း သိရှိရပါတယ်။

(၁၃) ရက်နေ့ မနက် အာရုံတက်ချိန် ၁၀ တန်း အောင်စာရင်းထွက်မည်

မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်

(၂၀၁၀၊ ဇွန်လ ၁၂ )

ယခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ဖြေဆိုခဲ့ကြတဲ့ တကသိုလ်ဝန်ထမ်း (၁၀) တန်းစာမေးပွဲ အောင်စာရင်း ဒီနေ့ ဇွန်လ (၁၃) ရက်နေ့ မနက် အာရုံတက်ချိန်မှာ ထုတ်ပြန်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ လသာနဲ့ စိန်ပေါကျောင်းတွေမှာ အောင်စာရင်ကပ် ကြေညာထားမှာဖြစ်ပြီး အခြားအမြို့မြို့အနယ်နယ်က အခြေခံပညာ အထက်တန်းကျောင်းတွေမှာလည်း စာစစ်ဌာနကျောင်းတွေအလိုက် အောင်စာရင်းတွေ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ် အောင်ချက်အခြေအနေနဲ့ပတ်သက်ပြီး အောင်ချက်ကောင်းနိုင်လိမ့်မယ်လို့ ကျောင်းဆရာအများစုက ခန့်မှန်းကြပါတယ်။ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမှာ  တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ် ဌာန ၂၅၄ ခုမှာ ဖြေဆိုသူ ၁၁၀၀၀၀ ကျော်ရှိခဲ့ပါတယ်။

နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ကိုဘိုဘိုဦး ပန်းချီပြခန်းဖွင့်လှစ်

မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်

(၂၀၁၀၊ ဇွန်လ ၁၂ )

နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ကိုဘိုဘိုးဦးက (Morekha) လို့အမည်ရတဲ့ ပန်းချီပြခန်းကို ရန်ကုန်မြို့၊ ဆရာစံလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ပုလဲကွန်ဒိုမှာ ဒီနေ့ နံနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။ ပြခန်းဖွင့်ပွဲအထမ်းအမှတ်အနေနဲ့ သရုပ်ဆောင်ကိုကျော်သူ၊ ပန်းချီအောင်မြင့်၊ ပန်းချီအေးကို ပန်းချီအောင်ခိုင်၊ ပန်းချီလင်းဝဏ္ဏစတဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကား (၅၀) ခန့်ကိုပြသထားပါတယ်။

အနှစ်နှစ်ဆယ်တိတိ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ကိုဘိုဘိုဦး ဒီကနေ့မှာပြုလုပ်တဲ့ (Morekha) ပန်းချီပြခန်းဖွင့်ပွဲကို လုံထိန်းကားနှစ်စီးက လာရောက်စောင့်စိုင်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို အမ်မာတီဗွီဖိုး အပါအ၀င် ပုဂ္ဂလိကဖက်ဖ်အန်လိုင်းအချို့ လာရောက် သတင်းယူတာမျိုးတွေရှိသလို နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ အနုပညာအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေလည်း စုံစုံညီညီလာရောက်ခဲ့ကြပါတယ်။ ပြခန်းဖွင့်ပွဲ အထိန်းအမှတ် ပန်းချီပြပွဲမှာ ပြသထားတဲ့ ပန်းချီကိုရဲရဲ့ ပန်းချီကားတစ်ကားကို ဆင်ဆာအဖွဲ့က ပြသဖို့ ပိတ်ပင်ခဲ့တယ်လို့လည်း ပြပွဲကိုရောက်ရှိတဲ့ အနုပညာလောကသားအချို့ ပြောပြကြပါတယ်။

ကိုဘိုဘိုဦးဟာ ၁၉၈၈ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနစ်အဖွဲ့အမည်နဲ့ ငွေကြေးလှူဒါန်းမှုတွေပြုလုပ်ခဲ့တာကြောင့် အာဏာပိုင်တွေက ချဲလောင်းစားမှုနဲ့ အမှုဆင်ပြီး  ၁၉၈၉ မှာ ထောင်ဒဏ်စတင်ချမှတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဘန်ကောက်ပို့စ်သတင်စာမှာ ABSDF ကို ငွေလှူဒါန်းတဲ့ သတင်းပါရှိခဲ့တာကြောင့် ၁၉၉၀ ပြည်နှစ်မှာ ၅ ည ၁၇/၁ နဲ့ ထောင် ထပ်မံကျမှတ်ခံခဲ့ပြီး ၁၉၉၅ မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ သတင်းစာဆရာ ဦးဝင်းတင်နဲ့အတူ ထောင်ဒဏ်ထပ်မံချမှတ်ခြင်းခံခဲ့ရပြီး ၂၀၀၉ ခုနှစ်မှာ မြင်းခြံက ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာပြည်မှာ အခမ်းနားဆုံး ဂေးရှိုး ကျင်းပပြုလုပ်မည်

မြန်မာပြည်မှာ အခမ်းနားဆုံး ဂေးရှိုး ကျင်းပပြုလုပ်မည်

မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်

(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၈ )

Miss Red Ribbon လို့ အမည်ရသည့် မြန်မာပြည်မှာ အခမ်းနားဆုံး ဂေးရှိုးကို သြဂုတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဟုသိရသည်။ ထိုပွဲအား အဲပုဂံလေကြောင်း လိုင်းပိုင်ရှင် ဦးတေဇ၏ဇနီးဖြစ်သူ ဒေါ်သီတာ၏ ညီမတော်စပ်သူနှင့် ရက်ဖလွန်အလှကုန်တို့ ပူးပေါင်းပြီး စီစဉ်တင်ဆက်ခြင်းဖြစ်သည်။ ဒီပွဲမှ ရရှိသည့် အလှူငွေများကို (HIV/ AIDS) ရောဂါ တိုက်ဖျက်ရေးတွေအတွက် အသုံးပြုမည်ဟု သိရသည်။

2009_08_28_0186

ဗိုလ်ချုပ်အောင်ဆန်းပုံ ဆေးမှင်ကြောင်ထိုးထားသည့် သံဃာတော် စစ်ဆေးခြင်းခံနေရ

ဗိုလ်ချုပ်အောင်ဆန်းပုံ ဆေးမှင်ကြောင်ထိုးထားသည့် သံဃာတော် စစ်ဆေးခြင်းခံနေရ

မင်းမနိုင်။ အလွတ်သတင်းထောက်။ ရန်ကုန်
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၅ )
ဗိုလ်ချုပ်အောင်ဆန်းပုံ ဘယ်ဘက်လက်မောင်းတွင် ဆေးမှင်ကြောင်ထိုးထားသော သံဃာတော် တစ်ပါးအား ဒီလ (၁၈) ရက်နေ့က ရွှေတိဂုံဘုရား ပေါ်တွင် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင် စစ်ဆေးနေသည်ဟု ဆရဖသတင်းတစ်ပုဒ်အရ သိရသည်။ ထိုဖမ်းဆီးခေါ်ဆောင်စစ်ဆေးခံနေရသော သံဃာတော်နှင့်ပတ်သက်ပြီး ကျောင်းတိုက်နှင့် ဘွဲ့တော်ကို အသေးစိတ်မသိရသေးသလို မည်သည့် စစ်ကြောရေးစခန်းတွင် စစ်ဆေးနေသည်ကိုလည်း စုံစမ်းလို့မရသေးပေ။
လတ်တလောတွင် အစိုးရအာဘော်သတင်းဌာနတစ်ခုဖြစ်တဲ့ “ကြေးမုံအွန်လိုင်းသတင်းစာ” တွင် ဖော်ပြချက်တွေအရ သံဃာ့အရေးအခင်းထပ် ဖြစ်အောင်ဖန်တီးနေဟု စွတ်ဆွဲလျှက် ပြည်ပရှိသာသနာ့ဥသျှောင်နှင့် ပြည်တွင်းရှိ သံဃာအဖွဲ့ချုပ်-မြန်မာနိုင်ငံတို့ ပေါင်းပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေးအခင်းပုံစံမျိုးဖြစ်လာအောင် ပြုလုပ်နေကြသည်ဟုဆိုကာ  သာသနာ့ဥသျှောင် အဖွဲ့မှ ဦးနာယက၊ ဦးစန္ဒောဘာသာစာရ နှင့် သံဃာအဖွဲ့ချုပ် – မြန်မာနိုင်ငံ မှ ဦးဇောတိက၊ ဦးပါရမီခန္တီ ၊ ရွှေစင်ထွန်း တို့အပါအ၀င် ၄င်းအဖွဲ့အသီးသီးလက်ပိုက်ကြည့် နေနိုင်မည်မဟုတ်ပဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူမည်ဟု ဖော်ပြလာသည်။
ဒီလ (၂၃) ရက်နေ့ကလည်း ရန်ကုန်၊ သာကေတမြို့နယ်၊ (၇) ရပ်ကွက်အတွင်းရှိ ဇိနမာန်အောင်ဘုရားအနီးရှိ စာသင်တိုက်ကျောင်းတိုက်များကို ကြည်း၊ ရေ၊ လေ ဆွမ်းဆန်လောင်းလှူပွဲဟုဆိုကာ ရန်ကုန်တိုင်း တိုင်းမှူးကိုယ်တိုင်လာရောက်ပြီး အများပြည်သူထည့်ဝင်လှူဒါန်းငွေများနှင့် ဆွမ်းဆန်စိမ်း လောင်လှူပွဲတစ်ခုပြုလုပ်ခဲ့ပြီ သံဃာတော်များအား နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်ခြင်းမပြုလုပ်ကြဖို့ တိုက်အုပ်၊ တိုက်ချုပ်ဆရာတော်များ ကို ရန်ကုန်တိုင်းမှူးက လျှောက်ထားခဲ့သည်ဟုလည်း သိရသည်။
Follow

Get every new post delivered to your Inbox.